|
သမီးကို လွှတ်မချလိုက်ပါနဲ့ အဖေရယ်
တစ်ညအတွင်း
လူတစ်သိန်းကျော်၏ အသက်ကို ၀ါးမျိုခဲ့သော နာဂစ် လေမုန်တိုင်း
သည် မြန်မာ့သမိုင်းတွင် အချိန်တိုအတွင်း
အသေအပျောက်အများဆုံးသော သဘာဝဘေး အဖြစ် မှတ်တမ်းဝင်သွားချေပြီ။
မုန်တိုင်းပြီးသည်နှင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင် များက
မုန်တိုင်းသင့်ဒေသများသို့ တတ်စွမ်းသရွေ့သွားရောက်လှူဒါန်းရင်း
လူ့အသက်များကို ကယ် ဆယ်ခဲ့ကြသည်။
ကျွန်တော်သည်လည်း ပုဂ္ဂလိကစေတနာရှင်တစ်ဦးအနေဖြင့်
မုန်တိုင်းသင့်ဒေသများ သို့ အကြိမ်ကြိမ် သွားရောက်ခဲ့ပါသည်။
ထိုကဲ့သို့ အကြိမ်ကြိမ် သွားရောက်သည့် အခါတိုင်း နာဂစ်ကြောင့်
ဖြစ်ပေါ်ခဲ့သော အနိဋ္ဌာရုံများ၊ ကြေကွဲဖွယ်ရာများ၊ ဒေါသထွက်ဖွယ်
ရာများကို မမြင်ရက်သော်လည်း မြင်ခဲ့ရ၊ မကြားရက်သော်လည်း
ကြားခဲ့ရသည်။ မော်လမြိုင်ကျွန်း ဒုက္ခ သည်စခန်းတစ်ခုတွင် ဖခင်
လက်ကို ကျစ်ကျစ်ပါအောင် ကိုင်ထားသော သားအဖနှစ်ဦးကို
တွေ့ခဲ့ရသည်။
ဖခင်ရောသမီးဖြစ်သူပါ တစ်နာရီ မိုင်
၁၂၀နှုန်းနှင့်တိုက်ခဲ့သော လေပြင်းကြောင့် ခန္ဓာ ကိုယ်
အရေပြားများ စုတ်ပြတ်ညိုမည်း မီးလောင်သကဲ့သို့
ဖြစ်နေသည်ကိုတွေ့ရသည်။ ဖခင် ဖြစ်သူ၏အမည်က ကိုဘဦး၊
အလုပ်အကိုင်က ရေလုပ်သား၊ နာဂစ်မုန်တိုင်းအတွင်း ဇနီးနှင့် သား
ဆုံးရှုံးခဲ့ရသည်။သူက မုန်တိုင်း၏ ငရဲညကို ယခုလိုပြောပြခဲ့သည်။
“မုန်တိုင်းလာမယ်ဆိုတာကို ရေဒီယိုကလဲ ကြားတယ်။
ကျွန်တော်တို့အတွက်ကတော့ မုန်တိုင်းဆိုတာ မဆန်းပါဘူး။
မုန်တိုင်း ကျမယ်ဆိုတာသိပေမယ့် တွေ့နေကျလို့ပဲ ထင်ခဲ့တယ်။
အဲဒီနေ့က ပင်လယ်ထဲကိုတော့ မထွက်ဘူးပေါ့။ မွန်းလွဲ
နှစ်နာရီလောက်မှာတရွှီ ရွှီမြည်သံနဲ့ လေပြင်းစတိုက်သံကို
ကြားရတယ်။ ခဏအတွင်းမှာပဲ ကျွန်တော်တို့မိသားစုလည်း ယိမ်းယိုင်
နေတဲ့အိမ်ပေါ်က ဆင်းခဲ့ ရတယ်။ ခြံထဲက အုန်းပင်တွေဆီကို
ပြေးဖက်ထားရတယ်။ မျက်စိ အောက်မှာတင် ကျွန်တော်တို့အိမ်ကလေးက
လေထဲကို တစ်စစီပါ သွားတယ်။ တစ်ပြိုင်တည်း မှာပဲ ရေက
တရိပ်ရိပ်တက်လာတယ်။ ဒါနဲ့ အငယ်ဆုံးနှစ်နှစ်သားကလေးကို
လည်ပင်းပေါ်မှာ ခွထိုင်ခိုင်း၊ ခြောက်နှစ်သမီးကြီးနဲ့
ငါးနှစ်သားလတ်ကို အုန်းပင်ပေါ်တွန်းတင်ပြီး ဖက်ထားခိုင်းရ တယ်။
ပြီးတော့ ကျွန်တော်ကိုယ်တိုင် အုန်းပင်ပေါ် တက်ပြီး
ခုနကလေးနှစ်ယောက်ကို ဖက် ထားတယ်။ အဲဒီအချိန်က ကျွန်တော့်မိန်းမ
ဘယ်ရောက်သွားမှန်းလဲ မသိလိုက်တော့ဘူး။ အချိန် ကလည်း
မှောင်လာတယ်။ အမှောင်ထဲမှာ ကယ်ကြပါဆိုတဲ့ အသံတွေ၊ အဖေရေ၊ အမေ
ရေ အသံတွေ ကြားနေရတယ်။ ရေကလဲ တက် လာလိုက်တာ အုန်းပင်ပေါ်က
ကျွန်တော့်ခါးဆီ အထိ ရောက်လာတယ်။ သစ်ပင်ကိုဖက်ထားတာ
နှစ်နာရီလောက်ကြာတော့ လက်အံ သေလာ တယ်။ လည်ပင်းပေါ်က
အငယ်ဆုံးသားလေးက ကြောက်ကြောက်နှင့်ဖက်ထားတော့ လည် ပင်း အစ်ပြီး
အသက်ရှူလည်းကျပ် လာတယ်။ ၀တ်ထားတဲ့အ၀တ်လည်း မုန်တိုင်းကြောင့်
စုတ် ပြတ်သတ်ကုန်ပြီ။ မျက်လုံးတွေလဲ ဖွင့်လို့မရတော့ဘူး။
ကျွန်တော် လက်အံသေလို့ ပြုတ်ကျရင်
မိသားစုလေးယောက်လုံး သေရ တော့မယ်။ လည်ပင်းအပေါ်က အငယ် လေးက
အတင်းဖက်ထားတော့ အသက်ရှူလည်း မ၀ တော့ဘူး။ ဒါနဲ့ခေါင်းကိုခါပြီး
အသက်ရှူလိုက်ချိန်မှာ ကျွန်တော့်လည်ပင်းပေါ်မှာ ထိုင်တဲ့သား
လေးက ရေထဲကို ပြုတ်ကျသွား တယ်။ သွားနှင့်တော့ သားလေးရယ်။
မကြာခင် အဖေတို့လဲ မင်းနောက်ကို လိုက်ရတော့မှာပါလို့
နာနာကြည်းကြည်း အော်လိုက်မိတယ်။ အခုတော့ ကျွန် တော်ရယ်၊
သားရယ်၊ သမီးကြီးရယ်ပဲ ကျန်တော့တယ်။ ဒီလိုနဲ့ နောက်ထပ်
နှစ်နာရီလောက် ကြာပြန်တော့ ကျွန်တော် ဘယ်လိုမှ
ဆက်ပြီးမတောင့်ထားနိုင်တော့ဘူး။ စိတ်တစ်ချက် လျှော့
လိုက်တဲ့အခါ ညာဘက်လက်မှာ ဖက် ထားတဲ့ သားလတ် ရေထဲကို
ပြုတ်ကျသွားပြန်တယ်။ အဖေလို့ စူးစူးရှရှ အော်လိုက်တဲ့အသံကို
ရေလှိုင်းကဖုံးသွားတယ်။ ကျွန်တော်နဲ့ သမီးနှစ် ယောက်တို့ပဲ
ကျန်တော့တယ်။ သမီးကြီး က သူ့မောင်လေးနှစ်ယောက်ကို ကျွန်တော်က
ရေထဲ ကို လွှတ်ချလိုက်တာ ထင်ပုံရတယ်။ သမီးကို လွှတ်မချလိုက်ပါနဲ့
အဖေရယ်လို့ အော်ရင်းငိုနေ တယ်။ ကျွန်တော့်အသည်းတွေ ပေါက်ထွက်
မတတ် ခံစားရတယ်။ ကျွန်တော့်သားတွေကို ကျွန်တော်
ရေထဲပစ်ချမလားဗျာ။ ဒါပေမဲ့ ကျွန်တော် သွေးရူးသွေးတန်းနဲ့
ပြောလိုက်ပါတယ်။ သမီးကို ဘယ်တော့မှ အဖေလွှတ်မချဘူး။ သမီးရဲ့
မောင်လေးနှစ်ယောက်ကိုလဲ အဖေ လွှတ်ချ ခဲ့တာ မဟုတ်ဘူးလို့ပြောရင်း
ကျွန်တော် ရှိုက်ကြီးတငင် ငိုချလိုက်မိတယ်။ ဒီလိုနဲ့ သားအဖ
နှစ်ယောက် အုန်းပင်ကို ကျစ်ကျစ်ပါအောင် ဖက်ထား ရင်း ရေကတဖြည်း
ဖြည်းကျသွားတယ်။ မနက်လင်းတော့ အုန်းပင်တွေကြားမှာ သေနေတဲ့
ကျွန်တော့်သားလေးနှစ်ယောက်အလောင်း နဲ့ အုန်းပင်ပိပြီး သေနေတဲ့
ကျွန်တော့်မိန်းမအလောင်း ကို တွေ့လိုက်ရတယ်။ သားနှစ်ယောက်
အလောင်းကို ကျွန်တော်ဖက်ပြီး ဘယ်လောက်ကြာအောင် ငိုနေမိလဲ
မသိတော့ဘူး။ အသက် မသေတဲ့ တခြားရွာသားတွေလာပြီး ကျွန်တော့်ကို
ဖျောင်းဖျ၊ ကျွန်တော့်လက်ထဲက ကလေး အလောင်းတွေကို ယူသွားတာပဲ
မှတ်မိပါတော့တယ်ဗျာ”ဟု ပြောပြသည်။
ဖခင်လက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း
မျက်ရည်တွင်တွင်ကျနေသော သမီး ဖြစ်သူအား ကျွန်တော်က ‘သမီး
ဘာလို့ငိုနေတာလဲ၊ ဆာလို့လား၊ ရော့- ဦးဦးဆီကမုန့်တွေကို
စား’ဟု ပေးသော်လည်း မယူပါ။ ဆာလို့မဟုတ်ဘူး၊ မောင်လေးတွေကို
သတိရလို့ပါဟုပြော ရင်း ငိုနေရှာသည်။ သူတို့သားအဖကိုကြည့်ရင်း
ကျွန်တော် မျက်ရည်ကျမိသည်။ သူတို့၏စိတ် ဒဏ်ရာမှာ
ဘယ်အချိန်တွင်မှ ပျောက်ကင်းမှာလဲဟု ကျွန်တော် ကိုယ့်ကိုယ်ကို
မေးမိသော် လည်း အဖြေကမရှိ။ တစ်နိုင်ငံလုံးမှ စေတနာရှင်၊
မေတ္တာရှင်၊ ကရုဏာရှင်များ၏ ကူညီဖေးမမှု များက သူတို့အတွက်
လိုနေသည်ကတော့ အမှန်ပင်။
|