|
|
Related News |
|
•
ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် ပြည်သူ့ဝန်ထမ်း
•
ဂျင်နရယ်လစ်နှင့် စပယ်ရှယ်လစ် သို့မဟုတ်
• ယေဘုယျသမားနှင့်
အထူးပြုသမား
•
သတိရှိရှိ အသိရှိရှိ ကြိုတင်ကာကွယ်
• ကမ္ဘာ့ ငွေကြေးအကျပ်အတည်း ရိုက်ခတ်မှု အန္တရာယ်
•
သယ်ယူပို့ဆောင်ရေးစနစ် ခေတ်မီ သစ်လွင်ဖို့ လိုပြီလား
•
ကမ္ဘာတည်သရွေ့မှာမေ့မရသော အာဇာနည်နေ့ပါ
•
နာဂစ်ကိုအာခံ ဇွဲမာန်မလျှော့ လယ်ယာ လုပ်ငန်းခွင် ပြန်ကျော့ပြီ
•
ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် ပြည်သူ့ဝန်ထမ်း |
|
Archive News |
|
ကိုယ့်ခံယူချက်နဲ့ ဆုံးဖြတ်ချက်မှန်မှသာဘ၀မှာ အောင်မြင်နိုင်မယ်
ဦးစိုင်းမင်းနွယ်(ကုန်သည်၊ ရော်ဘာလုပ်ငန်းရှင်)
“ကျွန်တော့်ဘ၀မှာ အဖေဘယ်မှာ၊
အမေဘယ်မှာ ခေါ်စရာမရှိခဲ့ဘူး။ အသက် ၂၇နှစ်လောက်မှ မိဘနဲ့ ပြန်ဆုံရတယ်။
ကျွန်တော့်ဘ၀က ကြမ်းတယ်။ လုပ်ခဲ့သမျှ အလုပ်တွေ၊ ဖြတ်သန်းမှုတွေကလဲ
စုံတယ်။ ဘ၀က ကြမ်းတယ်ဆိုတာ ထက်တောင် ပိုကြမ်းခဲ့ပါသေးတယ်” ဟု သူက
အဝေးရှိ ရှမ်းတောင်တန်း တွေကို ငေးရင်း ခပ်ဖြည်းဖြည်း ပြောနေသည်။
တကယ်လည်း သူ့ဘ၀စာမျက်နှာများက စုံလင်ထွေပြားနေသည်။ မွေးကတည်းက
ဘ၀ကို တစ်ကိုယ်တော် ရုန်းခဲ့သည်။ ပြီးတော့ ငှက်ပျောသီး ကုန်ထမ်းသမားဘ၀၊
ရွှေလီမြစ်ထဲက လှေထိုးသား၊ ကျောက်တွင်းမှာ ကျောက်တူးကျောက်သယ်သမား၊
ကျောင်းစာအုပ်ဖိုးရဖို့ လယ်ကွင်းတွေထဲမှာ ကဏန်းလိုက်နှိုက်ခဲ့သည်။
လားရှိုး-မူဆယ်လမ်းပေါ်မှာ ထိုစဉ်က ကားတွေကို သောင်းကျန်းသူများ
ဗုံးထောင်ပစ်ခတ်နေစဉ် နံနက်စောစောတွေမှာ သူက ၀မ်းရေးအတွက်
သေမှာမကြောက်ဘဲ စပယ်ယာလိုက်ခဲ့ဖူးသည်။
ထိုမှ ၁၅နှစ်သားမှာ ကြက်ခြေနီတပ်ဖွဲ့သို့ ၀င်ခဲ့သည်။ ဗမာပြည်
ကွန်မြူနစ်ပါတီကို တပ်မတော်က အပြီးသတ် ချေမှုန်းခဲ့သည့် နာမည်ကျော်
စီစီဝမ်တာပန် တိုက်ပွဲကြီးမှာ ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦးအနေဖြင့်
ခါးသီးသော ကြေကွဲဖွယ် မြင်ကွင်းများကြားတွင် သူရောက်နေခဲ့သည်။
“ကျွန်တော်အဲဒီမှာ အလောင်းတွေကောက်ပေးခဲ့ရတယ်။ စားစရာဆိုရင်
အစိမ်းစားရတယ်။ ချက်လို့မီး ခိုးထွက်ရင် တစ်ဖက်ရန်သူက လက်နက်ကြီးနဲ့
လှမ်းပစ်မှာစိုးလို့၊ လူသေတွေကြားထဲမှာပဲ တွေ့တဲ့ရေကို ခပ်သောက်
ခဲ့ရတယ်။ လူပေါင်းများစွာလဲ အသက်ပေးခဲ့ရတယ်။ တချို့ဆို
ပခုံးပေါ်ထမ်းရင်း သေဆုံးသွားတာ”ဟု သူက ပြောသည်။
ထိုသို့သော လုပ်ရပ်များကြောင့် ထိုစဉ်က
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုလက်မှတ်ချီး မြှင့်ခြင်းကို
ခံခဲ့ရသည်။
“အဲဒီတုန်းကတည်းက ကျွန်တော် ငြိမ်းချမ်းရေးကိုပဲ
လိုချင်နေခဲ့တယ်” ဟု သူကပြောသည်။ စစ်ဆိုသောအရာက သူကို
ရင့်ကျက်သွားစေခဲ့သည်။
ထိုမှ ဘ၀အတွက် အလုပ်မျိုးစုံကို လုပ်နေရင်းက
လူမှုရေးလုပ်ငန်းတွေကို မလျှော့စတမ်း သူလုပ်ခဲ့သည်။ အသက် ၁၇နှစ် အရွယ်မှ
သွေးစလှူခဲ့သည်မှာ ယခု အသက် ၄၄နှစ်အရွယ်အထိ အကြိမ် ၆၀ရှိခဲ့ပြီ။
တရုတ်ဖြူ နှင့် တိုက်ပွဲတွင်းက လှူခဲ့သည့် အကြိမ် များပါ ထည့်တွက်လျှင်
မနည်းတော့။
“ပြောခဲ့သလိုပေါ့။ ကျွန်တော့်မှာ မိဘနဲ့အတူ မနေခဲ့ရတော့ ကျွန်တော်
လှူလိုက်တဲ့ သွေးကြောင့် မကျန်းမာသူတွေ အသက်ရှင်ခဲ့ပြီး သူ့မိသားစု၊
သားသမီးတွေ ရှိခဲ့ရင်လဲ သူတို့နဲ့ ပြန်ဆုံရင် ဘယ်လောက်ပျော်ကြမလဲ
တွေးပြီး သွေးတွေ အကြိမ်ကြိမ် လှူဖြစ်ခဲ့တာ ပါပဲ”ဟု သူကပြောသည်။
ဒါတွေက သူ့အကြောင်းပြောလျှင် ဘယ်လိုမှ
ချန်ခဲ့၍မရကောင်းသည့် ဘ၀စာမျက်နှာ တချို့ဖြစ်သည်။ တစ်နေရာတွင်
ဆိုခဲ့သလို အလုပ်မျိုးစုံလုပ်ရင်း ဘ၀ကို ရုန်းကန်ခဲ့ ပြီးသည့်နောက်
ယနေ့တွင် သူ့ကို အောင်မြင်သော လုပ်ငန်းရှင် တစ်ဦးအဖြစ် လူအများ
လေးစားသိမှတ် နေရပြီဖြစ်သည်။
“ဆရာတစ်ဦးက ပြောတယ်။ မောင်မင်းနွယ်တဲ့လူဆိုတာ အလုပ်တစ်ခုကို တည်တည်တံတံ
လုပ်သွား မယ်ဆိုရင် တစ်နေ့ မင်းအောင်မြင်မယ်လို့ ပြောတယ်။ ဒါကိုပဲ
ကျွန်တော်ခေါင်းထဲစွဲပြီး လုပ်ခဲ့တယ်”ဟု သူက ပြောသည်။
ဒါသည်ပင် သူ့ဘ၀ တစ်လျှောက် လမ်းပြမြေပုံ
ဖြစ်နေခဲ့သည်။ သမ္မာအာဇီဝအလုပ် ဖြစ်မည်ဆိုလျှင် သူလုပ်ကိုင်ရန်
တွေဝေနေလေ့မရှိပါ။
“ဘ၀မှာ ကိုယ့်ခံယူချက်နဲ့ ဆုံးဖြတ်ချက်မှန်မှသာ
အောင်မြင်နိုင်မယ်နော်” ဟု သူက တွေးတွေးဆဆ ဖြေသည်။ ဖြတ်သန်းခဲ့သော
ထွေပြားလှသည့် ဘ၀အတွေ့အကြုံတွေထဲက ထုတ်ယူထားသည့်သူ့ခံယူချက်ဖြစ်သည်။
ပညာတတ်ချင်လွန်းသဖြင့် အလုပ်မျိုးစုံလုပ်ပြီး
ကျောင်းစရိတ်ရှာခဲ့သော်လည်း သူ့မှာ ဆယ်တန်း မအောင်ခဲ့။ သို့သော်
သူ့ဘ၀သူတော့ ကျေနပ်ပါသည်။ “တစ်ရာမှ ခုနစ်ဆယ် ရာခိုင်နှုန်းလောက်တော့
ကျွန်တော် အောင်မြင်တယ်ထင်တာပဲ”ဟု ဆိုသည်။
“ဘယ်သူမဆို တိုးတက်တာကိုတော့ လိုချင်တာပဲ။
တိုးတက်ရာတိုးတက်ကြောင်း လုပ်နေသမျှ ကိုယ့်ဘ၀က တိုးတက်မှာပဲ”ဟု
ဦးမင်းနွယ်က ပြောသည်။
စစ်ကိုလည်းကြုံ၊ ဘ၀တွေလဲ စုံခဲ့သည်မို့
သူကတော့ ငြိမ်းချမ်းခြင်းကိုသာ ယနေ့မှာ အလိုရှိတော့သည်။ ကိုယ့်ကြောင့်
အများကောင်းစားစေချင်သည်။ ကိုယ်လဲ စိတ်ချမ်းသာချင်ကြောင်းကို သူက မကြခဏ
ပြောနေတတ်ပြီ။
“ကျွန်တော်က ရွှေ၊ ငွေ မစုဆောင်းပေမယ့်
စိတ်ချမ်းသာမှုကိုတော့ စုဆောင်းတယ်။ ကိုယ်လဲ စိတ်ချမ်းသာပြီး
အောင်မြင်ချင်တယ်”ဟု သူက ပြောသည်။
ရှည်လျားပြီး စိတ်ဝင်စားဖွယ် အကြောင်းအရာများ နှင့်
ပြည့်နှက်နေသော သူ့ဘ၀အကြောင်း ပြောစရာတွေက မကုန်ခန်းနိုင်ပါ။
တစ်နေရာမှာ သူစကားပြောတာ ခဏရပ်သွားသည်။
“တစ်ချိန်တုန်းကတော့ ဒီနေရာဟာ သေနတ်သံတွေ၊ အလောင်းတွေ၊
သွေးစက်တွေ၊ ညည်းညူသံ တွေနဲ့ အနိဋ္ဌာရုံနေရာတွေပေါ့ဗျာ။ အခုတော့
ငြိမ်းချမ်းသွားပါပြီ”ဟု သူက အဆက်အစပ်မရှိ ပြောသည်။ သူ့ရင်ထဲမှာ
စစ်ဆိုသောအရာကို မေ့ပျောက်လို့ ဘယ်သောအခါမှ ရမည်မဟုတ်ကြောင်း
ဝန်ခံခဲ့သည်။ သူလက် ညွှန်ရာကြည့်မိတော့ တောင်တန်းတွေကို မြူတွေကြားထဲမှာ
ဝိုးတ၀ါးတွေ့ရသည်။ သူ့ဘ၀က စိတ်ဝင်စားစရာ ကောင်းသလို
သူပြသောနေရာတွေကလည်း သမိုင်းဝင်နေရာတွေဖြစ်သည်။ သူကတော့ ခပ်ဝေးဝေးရှိ
ရှမ်း တောင်တန်းတွေကိုသာ ငေးလျက်ရှိသည်။
|
|