Local News  World & Asia Ent & life Style Business  Health Science & Technology Politic & O/P View Perspective

Home » Most Popular Articles » အဖေ့ဆီကအိပ်မက်များ ၂၁

   

Related News

• ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် ပြည်သူ့ဝန်ထမ်း
• ဂျင်နရယ်လစ်နှင့် စပယ်ရှယ်လစ် သို့မဟုတ်
• ယေဘုယျသမားနှင့် အထူးပြုသမား
• သတိရှိရှိ အသိရှိရှိ ကြိုတင်ကာကွယ်
• ကမ္ဘာ့ ငွေကြေးအကျပ်အတည်း ရိုက်ခတ်မှု အန္တရာယ်
• သယ်ယူပို့ဆောင်ရေးစနစ် ခေတ်မီ သစ်လွင်ဖို့ လိုပြီလား
• ကမ္ဘာတည်သရွေ့မှာမေ့မရသော အာဇာနည်နေ့ပါ
• နာဂစ်ကိုအာခံ ဇွဲမာန်မလျှော့ လယ်ယာ လုပ်ငန်းခွင် ပြန်ကျော့ပြီ
• ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် ပြည်သူ့ဝန်ထမ်း

Archive News

Local news
လာမည့်နှစ်မိုးရာတွင် ရေလျှံမှုမရှိစေရန် အင်းလျားကန်ကြီး ပြန်ဆယ်မည်

World & Asia
ပါကစ္စတန်တွင်အရေးပေါ်အခြေအနေထုတ် ပြန်

Entertainment
အနက်ရှိုင်းဆုံး တစ်နေရာ

Life Style
ကိုရီးယားရုပ်ရှင်သရုပ်ဆောင် ဟာဂျီ ၀မ်အား

Health
ကင်ဆာရောဂါကုသရန် အလားအလာ ကောင်းသော ကုထုံးသစ်တွေ့ရ

Culture & Society

Politics & OP/View
ဒေါ် အောင်ဆန်းစုကြည်က တရားဝင်ပြော ကြား

Perspective

 


အဖေ့ဆီကအိပ်မက်များ ၂၁
ကိုကို (စက်မှုတက္ကသိုလ်)

 ယခင်အပတ်မှအဆက်


   အဲဒီနေရာမှာ ရေးအပါအ၀င်ကျွန်းပေါ်သို့ တဖွဲဖွဲရောက်လာသည့် ကျွန်တော်နှင့် အသက်မတိမ်း မယိမ်း လူမည်းသူငယ်ချင်းတွေနှင့် တွေ့ရသည်။ဆယ်ကျော်သက်အရွယ် သူတို့၏ စိတ်ရှုပ်ထွေးမှုနှင့် ဒေါသတွေက ကျွန်တော့် ကိုယ်ပိုင်ဘ၀ကို ထုဆစ်ရာတွင် အထောက် အကူပြုပါသည်။
  “ဒါကအဖြူကောင်တွေ မင်းတို့ကိုဘယ်လို ပြုမူမယ်ဆိုတာပဲကွ” ကျွန်တော်တို့ ချည်းသာရှိသည့်အခါ တွင် သူတို့ထဲမှတစ်ယောက်က ယခုလိုပြောတတ်သည်။ လူတိုင်းက တခစ်ခစ် ရယ်မောရင်း ခေါင်းခါကြသည်။ ကျွန်တော့်စိတ်အတွေးတွေက မထီလေးစားအလုပ်ခံခဲ့ ရသော အတိတ်စာမျက်နှာတွေဆီ ရောက်သွားသည်။ ခုနစ်တန်းနှစ်မှာဖြစ်သည်။ ကျွန်တော့်ကို ကပ္ပလီဟုခေါ် တတ်သော ယောက်ျားလေးတစ်ဦးကို နှာခေါင်းမှာ သွေး ချင်းချင်းနီသွားအောင် ကျွန်တော်လုပ်လိုက်သည့်အခါ အံ့အားတသင့် မျက်ရည်ဝဲပြီး မင်းဘာဖြစ်လို့ ဒီလိုလုပ် တာလဲဟု ပြန်ပြောခဲ့တာကို သတိရသည်။
   ကစားပွဲတစ်ခုအတွင်း ကြော်ငြာသင်ပုန်းတွင် ချိတ်တွဲထားသော ပွဲစဉ်ဇယားကို ကျွန်တော်သွားမကိုင်မိဖို့နှင့် ကိုင်မိပါက ကျွန်တော့်အသားရောင်တွေစွန်းထင်း ပေကျံသွားမည်ဟုပြောခဲ့သည့် နှုတ်ခမ်းပါးပါး၊ မျက်နှာ နီနီနှင့် တင်းနစ်ချန်ပီယံတစ်ဦးရှိခဲ့သည်။ သူ့ကို ကျွန် တော်က တိုင်ပြောမည်ဟု ခြိမ်းခြောက်လိုက်သည့်အခါ “ဒီလောက်ကလေးနောက်တာကို မခံနိုင်ဘူးလား”ဟု ပြန်ပြောဖူးသည်။ အဘိုးအဘွားတို့ တိုက်တွင်နေသော အသက်ကြီးကြီးမိန်းမတစ်ဦးက ဓာတ်လှေကားအတွင်း သူ့နောက်က ကျွန်တော်ပါလာသောအခါ စိတ်အနှောင့် အယှက် ဖြစ်လေသည်။ ဓာတ်လှေကားအတွင်းမှ ချက် ချင်းပြေးထွက်ကာ သူ့နောက် ကျွန်တော်လိုက်လာသည် ဆိုကာ မန်နေဂျာအား သွားတိုင်သည်။ မန်နေဂျာက သည်တိုက်ခန်းမှာ ကျွန်တော်လည်းနေပါသည်ဟု ပြန်ပြောသည့်အခါ သူက ကျွန်တော့်ကို တောင်းပန်ဖို့ငြင်း ဆန်ခဲ့ဖူးသည်။ ကျွန်တော်တို့အသင်းတွင် လက်ထောက် နည်းပြတစ်ဦးရှိသည်။ သူက ငယ်ရွယ်သန်မာပြီး နယူးယောက်ကလာသူဖြစ်သည်။ သူက ကစားပွဲမှာ စကား များလှသော လူမည်းကစားသမားအချို့ကို ခေါ်ထားသည်။ ပြီးတော့ ထိုလူမည်းတစ်သိုက်ကို ကျွန်တော်တို့ အရှုံးမပေးသင့်ကြောင်း ကျွန်တော်နှင့် အခြားသုံးဦးကြား လောက်အောင် ပြောသည်။ ကျွန်တော်က ပါးစပ်ပိတ်ထားဖို့ သူ့ကို မထင်မှတ်ဘဲ ကျွန်တော့်ကိုယ် ကျွန်တော်ပင် အံ့သြမိရအောင် ပြန်ပြောမိဖူးသည်။
      အဲဒါတွေက အဖြူတွေ ဘာတွေ ဘယ်လို ဆက်ဆံသည် ဆိုရုံမျှဖြစ်သည်။ အဲသည်နေရာမှာ ရက်စက်ကြမ်းကြုတ်မှုတွေ ပါဝင်ပတ်သက်ခြင်းမရှိပါ။ အဖြူတွေက ပထမအဆင့်မှာပင် သူတို့ကိုယ်သူတို့ ရိုင်းစိုင်း မှန်းမသိကြလျှင် သူတို့၏ အထင်အမြင်သေးခြင်းက သင် နှင့် ထိုက်တန်သည်။
    လူဖြူတွေ။ အဲသည်ဝေါဟာရက ကျွန်တော့်ပါးစပ်ထဲမှာ စစချင်း သိပ်အဆင်မပြေလှပါ။ လူမျိုးခြားတစ်ဦးက မတူသည့်ဘာသာစကားကို ကြိုးစားပမ်းစား ပြောနေရသလို ခံစားရသည်။ တစ်ခါတစ်ခါမှာ လူဖြူတွေက သည်လိုကွာ၊ ဟိုလိုကွာ စသည်ဖြင့် ရေးကို ကျွန်တော် ပြောနေမိတတ်သည်။ ထိုသို့ပြောနေရင်းနှင့် အမေ့အပြုံးကို ကျွန်တော်က ဗြုန်းစားကြီး ပြေးသတိရသွားသည်။ ထိုအခါ ကျွန်တော် ပြောနေသောစကားတွေက ခွတီး ခွကျနိုင်သွားသည်။ သို့မဟုတ် ညစာအပြီးမှာ အဘိုး ဂရမ့်စ်ကို ကျွန်တော်က ပန်းကန်တွေ ကူအခြောက်ခံပေးတာ၊ တွတ်က သူအိပ်တော့မည်ဟု လာပြောတာတို့က ကျွန်တော့်ခေါင်းထဲသို့ နီယွန်းမီလို တဖျပ်ဖျပ်လင်းလက် ရောက်လာသည့်အခါ ကျွန်တော် ပြောလက်စစကားတွေက လျှို့ဝှက်ရမည့်အရာလို တိတ်ဆိတ်သွားတတ်သည်။
      နောက်ပိုင်းမှာ ကျွန်တော်တစ်ဦးတည်းရှိနေ သည့်အခါမျိုးတွင် သည်လိုရှုပ်ထွေးနေသည့် အတွေးတွေကို ကျွန်တော်က ဖြည်ကြည့်နေမိပြန်သည်။ ကျွန်တော်တို့ မယုံကြည်သည့်အုပ်စုထဲတွင် အချို့သောအဖြူ တွေကို ချန်လှပ်ထားနိုင်သည်မှာ ထင်ရှားလာသည်။ ရေးက အဘိုးနှင့်အဘွားတို့ ဘယ်လိုမိုက်သည့်အကြောင်း ပြောဖူးသည်။ အဖြူဆိုသောစကားက သူ့အတွက် ရှော ရှောရှူရှူနိုင်လှသည်။
     ကိုယ့်ကိုယ်ကို ဘာလုပ်နေမှန်း သေသေချာချာမသိဘဲ၊ ပေးဆပ်စရာရှိမည်ကို သေသေချာချာ မသိဘဲ အဖြူတွေရှေ့ အဖြူတွေအကြောင်း မပြောကြဖို့ ရေးက ကျွန်တော့်ကို အာမခံသည်။
       သို့သော် အဲဒါကရောမှန်ပါရဲ့လား။ ပေးဆပ် စရာတွေကရော ရှိနေသလား။ ယင်းက အင်မတန်မှရှုပ် ထွေးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ရေးနှင့် ကျွန်တော်တို့ ဘယ်တော့မှ သဘောတူမျှမှုမရကြပါ။ ရေးက လော့စ်အိန်ဂျလိစ်လမ်းမကြီးများပေါ်တွင် တွေ့ခဲ့ရသော ဆံညိုမလေးများအကြောင်း ပြောပြသည်ကို ကျွန်တော်က နားထောင်ခဲ့ရတာတွေရှိခဲ့သလို လူမျိုးရေးခွဲခြားမှုများကြောင့် အနာတရဖြစ်ကျန်ခဲ့ရသည့် အချို့သော ငယ်ငယ်ရွယ်ရွယ် ဆရာများအကြောင်း ကျွန်တော်ပြောပြသည်ကိုလည်း သူနားထောင်ခဲ့ဖူးသည်။ ကျွန်တော်က ခပ်တည်တည်မျက်နှာထားနှင့် ကျိန်ပြောသောအခါ ရေး က ကျွန်တော့်ကို မျက်စိပြန်မှိတ်ပြကာ ကျွန်တော့်ကို ဆက်ပြီး ပြောခွင့်ပေးသည်။ အဖြူတွေအပေါ်ထားသော ကျွန်တော်တို့၏ အမျက်ဒေါသသည် အကြောင်းအရာ မလိုပါ။ အတည်ပြုချက်လည်းမလိုဘဲ သူက ကျွန်တော့် ကို ပြောပြနေဟန်ရှိပါသည်။ ကျွန်တော်တို့စိတ်မှာ ပျော်ရွှင်လိုက်၊ ပျော်ရွှင်မှုတွေရပ်သွားလိုက် ဖြစ်နေခဲ့ရသည်။
  တစ်ခါတစ်ရံမှာ သူ့ပွဲအပြီး ကျွန်တော်က သူ့ထင်မြင်ချက်ကိုမေးတတ်သည်။ သူ့ရိုးသားမှုကိုမဟုတ်ပါ။ ပြီးတော့ ကျွန်တော်တို့က ဂျင်မ်ခရိုးတောင်မှာနေ ကြသူတွေမဟုတ်သည်ကိုလည်း သူ့ကို သတိပေးရတတ် ပါသည်။ ကျွန်တော်တို့သည် ဟာလမ် သို့မဟုတ် ဘရွန်း က နှလုံးသားကင်းမဲ့လှသည့် အိုးအိမ်စီမံကိန်းတွေကို လွှဲအပ်ခံရသူတွေမဟုတ်ဘဲ ဟာဝိုင်ယီမှာနေကြသူတွေ သာဖြစ်သည်ကို ကျွန်တော်က ပြောပြရသည်။ ကျွန် တော်တို့သည် ကိုယ့်အတွက် ပျော်စရာတွေကို ပျော်ကြသည်။ ကိုယ်နှစ်သက်သည့်နေရာမှာ စားကြသည်။ မြင်တွေ့နေကျ ဘတ်စ်ကားရှေ့မှာ ကျွန်တော်တို့ ထိုင်ကြသည်။
     ဂျက်ဖ်နှင့်စကော့လို ကျွန်တော်တို့၏လူဖြူ သူငယ်ချင်းတွေက ကျွန်တော်တို့ကို ဆက်ဆံသည့်အခါ သူတို့လူဖြူအချင်းချင်း ဆက်ဆံပုံနှင့် မခြားကြပါလား။ သူတို့ ကျွန်တော်တို့ကိုချစ်ခင်ကြပါလား။ ကျွန်တော်တို့လည်း သူတို့ကိုပြန်ချစ်ခင်ကြပါလား။ အမလေး။ သူတို့ အထဲက တစ်ဝက်လောက်က သူတို့ကိုယ်သူတို့ ဒေါက်တာဂျေလို လူမည်းတောင် ဖြစ်ချင်နေကြသေးသည်။ အင်း-တကယ်ပါ။ အဲဒါကို ရေးကလည်း ၀န်ခံသည်။
   အကယ်၍သာ ကျွန်တော်တို့ နယူးယောက် သို့မဟုတ် လော့စ်အိန်ဂျလိစ်မှာနေဖူးခဲ့ပါက ကျွန်တော်တို့ ကစားနေခဲ့ကြသည့် လောင်းကြေးမြင့်ကစားပွဲများ၏ ဥပဒေသတို့ကို မြန်မြန်ဆန်ဆန် နားလည်သဘောပေါက် နိုင်ခဲ့ကောင်း နိုင်ခဲ့ပေမည်။ ကျွန်တော်၏ အဖြူနှင့်အမည်း ကမ္ဘာနှစ်ခုအကြား နေတတ်ထိုင်တတ်အောင် ကျွန်တော် သင်ယူခဲ့ရသည်။ တစ်ခုချင်းစီမှာ သူ့ကိုယ်ပိုင်စကား၊ ကိုယ်ပိုင်အလေ့အထနှင့် ကိုယ်ပိုင် အနက်အဓိပ္ပာယ်တွေ ရှိနေသည်ကို ကျွန်တော်နားလည်လာခဲ့သည်။ ကျွန်တော့် ကိုယ်ကျွန်တော် နားလည် သဘောပေါက်လာသည် နှင့်အတူ အဲသည် ကမ္ဘာကြီးနှစ်ခုကလည်း တဖြည်းဖြည်းချင်း ပေါင်းစည်းလာနိုင်ခဲ့သည်။ သို့သော် တစ်ခုခုလို နေသေးသလိုတော့ ခံစားနေရဆဲ ဖြစ်သည်။ အဖြူမလေးတစ်ဦး ကျွန်တော်နှင့် စကားပြောဆိုရင်းတန်းလန်းနှင့် သူက စတိဗ်ဝန်းဒါးကို ဘယ်လိုကြိုက်ကြောင်းပြောသည့်အခါ တိုင်း၊ စူပါမားကက်ကြီးတစ်ခုမှာ အမျိုးသမီးကြီးတစ်ဦးက ကျွန်တော့်ကို ဘတ်စကက်ဘောကစားသလားဟု မေးသည့်အခါတိုင်း၊ ကျောင်းအုပ်ဆရာကြီးက ကျွန်တော့်ကို သားနားပါလား ဟုပြောသည့်အခါတိုင်း ကျွန်တော့်ကို တစ်ခုခု သတိပေးသလိုမျိုး ဖြစ်သွားရတတ်သည်။ ကျွန်တော် စတိဗ်ဝန်းဒါး ကိုကြိုက်သည်။ ဘတ် စကက်ဘောလည်း သဘောကျသည်။ ကိုယ့်ကိုယ်ကို လည်း သားနားအောင်အမြဲကြိုးစားနေသည်။ သို့သော်ငြား အဲသလိုမျိုး အထင်အမြင်တွေက ကျွန်တော့်ကို ဘာကြောင့်များ နေမသိထိုင်မသာ ဖြစ်သွားရပါသလဲ။ ဒါဆိုရင် လှည့်ဖြားမှုတစ်ခုခုတော့ ရှိနေမည်။ သို့သော် ဘယ် လို လှည့်ဖြားမှုလဲ၊ ဘယ်သူတွေက လှည့်ဖြားတာလဲ။ ဘယ်သူက လှည့်ဖြားခံနေရတာလဲ။ ကျွန်တော့်စိတ်အသိကို ဆုပ်ဖမ်းလို့မရ။
      အစောပိုင်း နွေဦးကာလတစ်ရက်တွင် ရေး နှင့် ကျွန်တော်တို့ ကျောင်းအပြီးမှာတွေ့ကြသည်။ ထို့နောက် ပူနားဟိုးကျောင်းဝင်းအတွင်းရှိ ကျောက်ခုံတန်းကြီးသို့ ဦးတည်လမ်းလျှောက်ခဲ့ကြသည်။ ထိုကျောက် ခုံတန်းကြီးက ကြီးမားသော ညောင်မုတ်ဆိတ်ပင်ကြီး အောက်တွင် ပတ်ဝိုင်းထားသည်။ ယင်းကို စီနီယာခုံတန်း ကြီးဟုခေါ်သည်။ သို့သော် အထက်တန်းကျောင်းက နာမည်ကျော်အများစု စုဝေးရာနေရာအဖြစ် လူသိများ သည်။ အားကစားသမားတွေ၊ အားပေးအကအဖွဲ့သားတွေ၊ ပြီးတော့ သူတို့၏ပျော်တော်ဆက်များနှင့် အေ>ခ အရံတွေ။ အထိန်းတော်ကြီးတွေက လှေကားထစ်အ၀ိုင်း တွေအပေါ် အလုအယက်တက်ဆင်းနေကြသည်။ သူတို့အထဲမှ ကတ်ဟုခေါ်သော အတန်းကြီးသမား ဘောလုံး ခံစစ်ကစားသမား တစ်ဦးက ကျွန်တော်တို့ကိုမြင်သည် နှင့် လှမ်းအော်သည်။
      “ဟေး-ရေး၊ ဘာဖြစ်နေကြသလဲ”
      ရေးက လှေကားထစ်များအတိုင်းတက်သွားပြီး ဆန့်တန်းပေးသော ကတ်၏လက်ဝါးကို ရိုက်လိုက် သည်။ သို့သော် ကတ်က ကျွန်တော့်ဆီထပ်ပြီး လက်ဟန် ခြေဟန်ပြသောအခါတွင်မူ ကျွန်တော်က ဂရုမစိုက်ဘဲ လှည့်ထွက်ခဲ့သည်။
    “သူဘာဖြစ်နေသလဲကွ” သူတို့နှင့်ဝေးရာ လျှောက်သွားစဉ် ကတ်က ရေးအားပြောလိုက်သော စကားကို ကျွန်တော်က ကြားလိုက်ရသည်။ မိနစ်အနည်း ငယ်အကြာမှာ ရေးက ကျွန်တော့်ကို မီလာသည်။ ဘာ ဖြစ်သွားတာလဲကွာဟု ကျွန်တော့်ကိုမေးသည်။
      “ဟေ့ကောင်ရ၊ ဒီကောင်တွေက ငါတို့ကို ရယ်စရာလုပ်နေကြတယ်လေကွာ”
      “မင်းဘာတွေပြောနေတာလဲ”
      “သူ့ကဘာလဲ။ ငါတို့က သူ့ကို လက်ဝါးသွား ရိုက်ပေးရမှာလား။ အလကားကောင်”
      “ချက်ချင်းကြီး ပေါက်ကွဲသွားတဲ့ အထိမခံ ရွှေပန်းကန်က ဘယ်သူလဲ။ ကတ်က အဲသလို မရည်ရွယ်ပါဘူးကွာ”
      “အေး-မင်းက အဲသလိုထင်လဲထင်ကွာ။ ပြီး တာပဲ”
      ရေး၏မျက်နှာက ချက်ချင်းပင် ဒေါသရောင် သန်းလာသည်။ “ဒီမှာကွ”သူက ဆက်ပြောသည်။
“ငါက အဆင်ပြေအောင် ပေါင်းတာလောက်ပဲ။ မင်း အခြားသူတွေကို အဆင်ပြေအောင် ပေါင်းနေသလိုပါပဲ။ မင်းက မင်းကိုဖေးမစေချင်တဲ့အခါ ကစားပွဲ တွေအကြောင်း မင်းရဲ့ဆရာတွေနဲ့ပြောဆိုတာမျိုးပဲလေ။ အင်း- မစီဆနိုတီဗစ်ခ်ျရေ- ဒီဝတ္ထုက သိပ်ဖတ်လို့ကောင်း တာပဲခင်ဗျ။ ဖတ်လို့မပြီးသေးပါဘူး။ ကျွန်တော့်ကို တစ်ရက်လောက် ဖတ်ခွင့်ထပ်ပေးရင် ခင်ဗျားကို ကျွန်တော် ဖားနေပါ့မယ် ခင်ဗျာလို့ပြောတာမျိုးပေါ့ကွာ။ ဒါက သူတို့ရဲ့ လောကကြီးပဲ မဟုတ်ဘူးလား။ သူတို့ပိုင်ဆိုင်တယ်။ ငါတို့က ၀င်လာတယ်။ သူတို့ပြုသမျှနုရမှာပေါ့ကွာ”
    နောက်ရက်များမှာတော့ ကျွန်တော်တို့နှစ်ဦး စကားများခဲ့ကြသည့် ဒေါသအပူတွေက ပြေငြိမ်းသွားသည်။ ရေးက ဒီတစ်ပတ်ပိတ်ရက်တွင် သူ့အိမ်မှာလုပ်မည့် ပါတီပွဲတစ်ပွဲသို့ ကျွန်တော်တို့၏ သူငယ်ချင်းတွေ ဖြစ်သော ဂျက်ဖ်နှင့်စကော့တ်တို့ကိုဖိတ်ရန် အကြံပေးသည်။ ကျွန်တော်က တစ်ခဏတာမျှ တွေဝေသွားခဲ့ သည်။ လူမည်းပါတီပွဲများသို့ လူဖြူသူငယ်ချင်းတွေကို တစ်ခါမျှမဖိတ်ဖူးသောကြောင့်ဖြစ်သည်။ သို့သော် ရေးက ထပ်ပြောသည်။ ကျွန်တော့်မှာလည်း ငြင်းပယ်ရန်အ ကြောင်း ရှာမရပါ။
     ကျွန်တော်က ကားကို လိုလိုလားလားမောင်း ပေးမည်ဆိုသဖြင့် ဂျက်ဖ်ရော၊ စကော့တ်ရော ပါတီပွဲကိုလာဖို့ သဘောတူကြသည်။ သို့နှင့်ပင် စနေညရောက်လာသည်။ ကျွန်တော်တို့ ကစားပွဲတစ်ပွဲအပြီးမှာ ကျွန်တော်တို့သုံးဦး ဂရမ့်စ်၏ ဖို့ဒ်ဂရင်နာဒါး ကားအိုကလေးအတွင်း ၀င်လိုက်ကြသည်။ ထို့နောက် မြို့ကလေးမှ အနည်းဆုံး မိုင်သုံးဆယ်ခန့်ဝေးသော စကိုးဖီးလ်ဘား ရက်ဒ်သို့ မောင်းလာခဲ့ကြသည်။
    ထိုနေရာသို့ရောက်သောအခါ ပါတီပွဲကစနေရာ အစားအသောက်ရှိရာ ကျွန်တော်တို့ တန်းသွားရသည်။ ဂျက်ဖ်နှင့်စကော့တ်တို့ ရောက်လာကြခြင်း အတွက် ဘာမျှထူးထူးခြားခြား ဖြစ်ကြပုံမရ။ ရေးက အခန်းထဲက လူတွေနှင့် သူတို့ကိုမိတ်ဆက်ပေးသည်။ သူတို့က စကားစမြည်ပြောကြသည်။ မိန်းကလေးအချို့ကို ခေါ်ကာက ကြသည်။ သို့သော် မြင်ကွင်းတွေက ကျွန်တော့်လူဖြူ သူငယ်ချင်းတွေအတွက် အံ့အားသင့်စရာ ဖြစ်သွားသည် ကိုတော့ ကျွန်တော်တန်းသိလိုက်သည်။ သူတို့ အတော်ကြီးကို ပြုံးရွှင်နေကြသည်။ အခန်းထောင့်မှာ သူတို့ ပူးကပ်ထိုင်နေကြသည်။ တေးသီချင်း၏ စည်းချက်များ အတိုင်း သူတို့က အလိုအလျောက်ပင် ခေါင်းတညိတ်ညိတ် ဖြစ်နေကြသည်။ မိနစ်အနည်းငယ်ကြာတိုင်းမှာ သူတို့က ခွင့်ပန်ကြသည်။ နောက် တစ်နာရီခန့် အကြာမှာတော့ သူတို့က ကျွန်တော့်ကို အိမ်ပြန်ပို့ပေးနိုင်မလား မေးကြလေသည်။
      “ဘာဖြစ်တာလဲ” ကျွန်တော်တို့ပြန်တော့မည်ဟု ရေးကို အသိပေးသောအခါ သူက ဆူညံနေသော သီချင်းသံများကြားမှအော်မေးသည်။ “အခုမှ အရှိန်ရစရှိပါသေးတယ်ကွာ”
      “သူတို့ကြည့်ရတာ သိပ်ပြီးတော့ အဆင်ပြေပုံမရဘူးထင်တယ်”
     ကျွန်တော်တို့ မျက်လုံးချင်းဆုံကြသည်။ အဲသည်နေရာမှာပင် ခပ်ကြာကြာရပ်နေမိကြသည်။ ဆူညံသံများနှင့် ရယ်မောသံတွေက လျှံထွက်လာသည်။ ရေး၏မျက်လုံးမှာ မကျေနပ်မှုအရိပ်အယောင်မျှပင် ရှာမတွေ့ပါ။ စိတ်ပျက်လက်ပျက်ဖြစ်နေသည့် သဲလွန်စ တစ်စမျှပင်မရှိ။ေ>မတစ်ကောင်လို မမှိတ်မသုန်စိုက်ကြည့် နေပုံမျိုး။ သူက သူ့လက်ကိုဆန့်ထုတ်လိုက်သည်။ ကျွန်တော်က သူ့လက်ကိုပြန်ဆုပ်ကိုင်လိုက်သည်။ ကျွန်တော် တို့နှစ်ဦးစလုံး၏ မျက်လုံးတွေကတော့ မခွာကြသေးဘဲ ရှိနေသည်။
      “အင်းလေ။ နောက်မှတွေ့ကြတာပေါ့” သူက သူ့လက်ကို ပြန်ရုပ်လိုက်သည်။ ထို့နောက် သူလူအုပ် ကြားထဲ ပြန်တိုးဝင်သွားကာ စောစောက သူနှင့်စကားပြောနေခဲ့သည့် ကောင်မလေးအား လိုက်မေးနေသည်ကို ကျွန်တော်က ကြည့်နေမိလိုက်သည်။
    အပြင်မှာ လေကအေးမြနေပေပြီ။ လမ်းကလည်း လူသူကင်းရှင်းနေသည်။ တုန်ခါနေသော ရေး၏ စတီရီယိုဂီတသံများမှတစ်ပါး အားလုံးတိတ်ဆိတ်နေသည်။ ဘန်ဂလိုအိမ်ကလေးများ၏ ပြတင်းမှထွက်လာ နေသော မှိတ်တုတ်မှိတ်တုတ်နှင့် အပြာရောင်အလင်း များက လမ်းကျဉ်းကလေးအပေါ် ပြေးလွှားနေသည်။ သစ်ပင်တွေ၏အရိပ်တွေက ဘေ့စ်ဘောကွင်းကြီးအပေါ် ဖြာကျနေသည်။
       ကားထဲမှာ ဂျက်ဖ်က ကျွန်တော့်ပခုံးပေါ် သူ့လက်တင်လိုက်သည်။ နောင်တရသလို၊ စိတ်သက် သာရာရသလို တစ်ချက်ကြည့်သည်။
      “မင်း သိလား။ ဒီအဖြစ်အပျက်က ငါ့ကို တစ်ခုခု တကယ့်ကိုသင်ပေးလိုက်တာပဲ။ ငါဆိုလိုတာက ဒီလိုပါ။ ကျောင်းကပါတီပွဲတွေမှာ မင်းနဲ့ရေးတို့ ဘယ်လောက် အနေကျပ်ကြမလဲကွာ။ မင်းတို့နှစ်ဦးပဲ လူမည်းတွေမဟုတ်လား”
     “အင်း-ဟုတ်တယ်” သူ့ကို ကျွန်တော့်စိတ်ထဲက အဲသည်နေရာမှာတင် ရိုက်ပစ်ချင်စိတ်ပေါ်လာ သည်။ ကျွန်တော်တို့က မြို့ကိုဦးတည်ကာ ကားကို လမ်းအတိုင်း မောင်းဆင်းလာကြသည်။ ကျွန်တော်က ဆိတ်ဆိတ်နေရင်း စိတ်တွေကို ပြန်အလုပ်ပေးနေလိုက်သည်။ ကတ်နှင့်တွေ့ခဲ့သောနေ့က ရေးပြောခဲ့သော စကားတွေ၊ အဲသည်မတိုင်ခင် ကျွန်တော်တို့ အပြန်အလှန်ပြောစကား တွေ၊ ပြီးတော့ ထိုနေ့ညက အဖြစ်အပျက်တွေ။

(ဆက်လက်ဖော်ပြပါမည်)

 

Source: Flower News
Category: Most Popular Articles
Action:  Printable Version  |  Mail This  |    Add favorite

 

Local news
World & Asia
Entertainment
Life Style

Health
Culture & Society
Politics & OP/View
Perspective

About Yangon Media · Contact Us • Privacy · Advertisement with us · Help · Site Map
Copyright © Yangon Media 2007

yangonmedia.com

 Total Hit

Powered By: CREATIVE Web Studio